ပါဝင်ပစ္စည်းများ ( ၆ လိပ်စာ)
- ကြက်သား - ၂၅ ကျပ်သား
- ချင်း - ပါးပါး ၂ ပြား
- ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်)
- ကြက်သွန်နီ - ၁၅ဝ ဂရမ် ( ၁ဝ ကျပ်သားခန့်)
- ဆား - အနည်းငယ်
- ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆန်မှုန့်/ ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- တရုတ်မဆလာ - အနည်းငယ်
- ကော်ပြန့်ဖက် - ၆ ရွက်
- အကြော်မှုန့် - ၆ ကျပ်သားလျှော့လျှော့)
- ကြော်ရန်ဆီ - လိုသလောက်
ချက်ပြုတ်နည်း
1. ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ချင်းထည့်၊ ရေအနည်းငယ်ထည့်ပြီး ကျက် သွားရုံလေး ရေခန်းပြုတ်ပါ။ ကျက်သွားလျှင် အအေးခံပြီး အတုံးလေးတွေလှီးထားပါ။ (ကြက်သားကို ကျက်အောင် ပြုတ်ဖို့လိုပါတယ်။ နူးအောင်တော့မပြုတ်ရပါ)
2. ကြက်သွန်နီနှင့် ဂေါ်ဖီကို တစ်လက်မရဲ့ ၃ ပုံ ၁ ပုံအထူ လေးထောင့်အတုံးလေးတွေ လှီးထားပါ။
3. ဒယ်အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို နွမ်းသွားရုံလေးကြော်ပါ။
4. အသီးရွက်တွေ နွမ်းသွားတဲ့အခါ ကြက်သားထည့်မွှေပါ၊ ကော်ရည်ထည့်မွှေပါ။ နောက်ဆုံးမှာ ဆန်မှုန့်/ဂျုံမှုန့်လေးဖြူး မွှေပေးပြီးတာနဲ့ မီးဖိုပေါ်ကချပြီး အအေးခံပါ၊
5. အကြော်မှုန့်ကို ရေ (၁ဝဝ မီလီလီတာ- ၁၃ဝ မီလီလီတာ)ဖြင့်ဖျော်ထားပါ။ သို့မဟုတ် အထုတ်ပါ အညွှန်းအတိုင်း မပျစ်မကျဲဖျော်ထားပါ။ မုန့်ရည်ပျစ်လျှင် အကြောမာပျဉ်းတွဲဖြစ်မည်။ မုန့်ရည်ကျဲ လွန်းလျှင် ဆီထဲတွင် ပြန့်ထွက်ကုန်မည်။
6. ကော်ပြန့်ဖက်ထဲ အဆာများထည့်ပြီး ကော်ပြန့်လိပ်သကဲ့သို့လိပ်ပါ။ အနားကို မုန့်နှစ်ရည်စွတ်ပြီး ပိတ်ပါ။
7. ကြော်မည့်အိုးထဲ ဆီ ၃ လက္မအနက်ထည့်ပြီး ဆီပူလာရင် ကြက်သားလိတ်တွေကို အကြော်မှုန့် ရည်ထဲနှစ်ပြီး ဆီပူထဲထည့်ကြော်ပါ။
8. အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန်ပေးပါ။ ရွှေအိုရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ထားပါ၊ အေးသွားလျှင် ကတ်ကြေးဖြင့်ညှပ်ပြီး အချဉ်ရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။
အချဉ်ရည်
1. ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်ရည် စားပွဲဇွန်း ၂ ဇွန်း၊ အမျိုးစားကောင်းသော ငရုတ်ဆီ စားပွဲဇွန်း ၃ ဇွန်း ရောမွှေပေးပါ။
2. အငန်လိုလျှင် ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပါ။ အပျစ် အကျဲကို မိမိနှစ်သက်သလို ရေနွေး ရောပေးနိုင်ပါသည်။
No comments:
Post a Comment