အထပ်တစ်ရာ


အထပ်တရာလုပ်ရာမှာ မုန့်သား (dough) စပ်နည်းအမျိုးမျိုးရှိသည့်အနက် နိူ့ဆီ၊ ကြက်ဥ၊ ထောပတ်၊ Margarine မထည့်သော ဒီနည်းလေးကတော့ ပါဝင်ပစ္စည်း နည်းသော်လည်း ကြွပ်ရွမွကာ စားကောင်းစေပါတယ်။ မုန့်သား (Dough) စပ်နည်းမှန်ပေမယ့် မုန့်သားနယ်၊ ပြား၊ လိပ်တာ အရေးပါသလို၊ မီးအပူရှိန်၊ ဆီ အနည်းအများ ကလည်း အရေးပါလှပါတယ်။

ပါဝင်ပစ္စည်းများ

  • Bread flour (0r) Plain flour – 1 1/2 cups (375 ml)
  • Baking powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
  • ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ရေပူ – 1/2 cup (125 ml)

 ပြုလုပ်နည်း

1. အမှတ်စဉ် 1,2,3,4 ကို နှံသွားအောင် သေသေချာချာရောနှောပြီးနောက် ဆီ နှင့် ရေပူဖြန့်ပြီးလောင်းထည့်ကာ ဇွန်းဖြင့် ၁ မိနစ်ခန့်မွှေရောပါ။

2. လက်ဖြင့်ကိုင်နိူင်သော ခပ်နွေးနွေးအနေအထားဖြစ်သွားလျှင် doughသား နူးညံ့အောင် ဖိနယ်ဆုပ်နယ်ခြင်း၊ လက်ဖနောင့်ဖြင့်ဖိခြင်းများ ၁၀ မိနစ်ခန့် လုပ်ပေးပါ။

3. Doughသား နူးညံ့သွားလျှင် အလုံးပုံစံလေးလုပ်ကာ အဖုံး ဖုံး၍ မိနစ် ၃၀ ခန့်ဖြင့်နှပ်ထားပါ။ (ပွအောင်ထားခြင်းမဟုတ်ပါ၊ မုန့်သားညက်စေရန်အတွက်ဖြစ်ပါတယ်။)

4. ပြီးလျှင် ပြန်ဖိနယ်ကာ ညီညာသောအပိုင်း ၆ ပိုင်းဖြတ်၍ အလုံးလေးများလုပ်ပါ။ ဆီ ထမင်းစာဇွန်း ၃ ဇွန်း ဖြန့်လောင်းထည့်၍ မုန့်သားများထဲ ဆီစိမ့်ဝင်စေရန် တစ်လုံးချင်းစီကို ခပ်ဖွဖွကိုင်ဆုပ်ပြီးနောက် အဖုံး ဖုံး၍    ၁ နာရီခန့် ထပ်နှပ်ထားပါ။

5. ပြီးနောက် ဆိုင်များတွင် လုပ်သကဲ့သို့ ပလာတာမရိုက်တတ်(ချင်)ပါက ဆီအတော်များများ သုတ်ထားသော ပြင်ညီပေါ်တွင် dough လုံးတစ်လုံးတင်ကာ rolling pan ဖြင့် အောက်ပါအတိုင်း အရမ်းပါးပြားသွားအောင် လှိမ့်ပေးပါ။ (နေရာလွတ်မကျန် အရမ်းပါးပြားသွားဖို့လိုအပ်ပါတယ်။)

6. ပါးပြားသွားလျှင် ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ဖြန့်ဆမ်းကာ နှံ့သွားအောင် လက်ဖြင့်ပွတ်ဖြန့်ပြီးနောက် ပုံပါအတိုင်းအနားစွန်းမှ ဖြည်းဖြည်းမပြီး ခွာပေးပါ။

7. ခွာပြီးသွားလျှင် စုကိုင်ပြီး ပြန်ချထားပါ။ (၁ ပေခွဲ (၁၈ လက်မ) ခန့်အရှည်ရှိပါတယ်။)

8. အနားစွန်းမှစ၍ လိမ့်ခေါက်သွားပါ။

9. ၁ လက်မခန့် ကျန်လျှင် ဆက်မလိမ့်ပဲ …မုန့်အောက်ဖက်ထဲ ခေါက်ထည့်ပေးပါ။ ကျန်သည်များကိုလည်း အထက်ပါအတိုင်းလုပ်၍ ဆီသုတ်ထားသော ပန်းကန်တွင် ထားပါ။ (ဆီ အနည်းငယ်ဖြန့် ဆမ်းပေးထားပါ။)

10. ဆီသုတ်ထားသော ပြင်ညီတွင်ထား၍ အချင်း ၅ လက်မခန့်ရရန် rolling pan ဖြင့် ခပ်ဖွဖွလှိမ့်ပြားပေးပါ။

11. ပြားပြီးလျှင် ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ထားသည့် မကပ်နိူင်သော ဒယ်အိုးပြားပူပူထဲ ထည့်ကာ medium high heat ဖြင့် စက္ကန့် ၃၀ ခန့် ထားပါ။  (အိုး နှင့် ဆီ ပူနေဖို့လိုပါတယ်။)

12. နောက်တစ်ဖက်လှန်ပြီးလျှင် ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခန့်ကို မုန့်အနားသား ပတ်ပတ်လည် လောင်းပေးပါ။ (ဆီထည့်ပေးခြင်းဖြင့် ပွတက်လာစေပါတယ်။)

13. မုန့်သားကြွပ်ရွတက်လာအောင် မကြာခဏ ဟိုဖက် ဒီဖက်လှန်ပေးပါ။

14. မုန့်အရောင်စိတ်ကြိုက်ရလျှင် အိုးမှဖယ်ကာ ပန်းကန်ပြားပေါ်တင်၍ လက်ဝါး ၂ ဖက်ကြားထားကာ လက်ခုပ်တီးသကဲ့သို့ ၃ – ၄ ခါ လုပ်ပေးပါ။ မုန့်ပူပူကို ထိုကဲ့သို့လုပ်ပေးခြင်းဖြင့် မွမွလေးဖြစ်စေပါတယ်။ (သို့) မိမိအဆင်ပြေရာနည်းကို သုံးပေးပါ။

15. ကျန်သည်မုန့်များကိုလည်း အထက်ပါနည်းအတိုင်းလုပ်ပါ။ ဒယ်အိုးထဲမှ ဆီ ပမာဏ ထမင်းစားဇွန်း ၁ ဇွန်းခန့် အမြဲရှိနေစေရန် လိုအပ်သလောက်ထပ်ထည့်ပြီးမှ ဆက်လုပ်ပေးပါ။ မုန့်အနားသားပတ်ပတ်လည် ဆီ လောင်းပေးပါ။



No comments:

Post a Comment

@templatesyard