မျှစ်ချဉ်နှင့်ပဲထွန်စော


ဒီဟင်းပွဲလေးကတော့ရှမ်း၊ပလောင်လူမျိုးတို့ရဲ့ရိုးရာအစားအစာလေးပါ၊မျှစ်ချဉ်ကိုဝက်သားနှင့်နှပ်စားကြသလို သတ်သက်လွတ်အဖြစ်မုန်ညှင်း၊ခတက်၊ပဲစာဥ၊ပဲထွန်တို့နှင့်လည်းစော(နှပ်ချက်)စားတတ်ကြပါတယ်။

ပါဝင်ပစ္စည်း

  • မျှစ်ချဉ်.......................၅၀ကျပ်သား
  • ပဲထွန်........................၁ဗူး(နို့ဆီဗူး)
  • ကြက်သွန်နီ.................၁လုံး
  • ကြက်သွန်ဖြူ..................၅တက်
  • ချင်းသေးသေး................၁တက်
  • ခရမ်းချဉ်သီးမှည့်.............၂လုံး
  • စိမ်းစားငါးပိ...................၁ဇွန်းခန့်

ချက်ပြုတ်နည်း

1. ပထမဆုံးပဲထွန်တွေကိုရေဆေးပြီးအနည်းဆုံး(၃)နာရီခန့်ရေစိမ်ထားပေးပါ။(ဒီဟင်းချက်မယ်ဆိုရင်မီးဖိုနှစ်ဖိုစီစဉ်ထားတာကအသင့်လျော်ဆုံးပါ။)

2. ပထမမီးဖိုမှာပဲထွန်တွေကိုစတင်ပြုတ်ပါ။

3. ဒုတိယမီးဖိုပေါ်မှာမျှစ်ချဉ်ထဲသို့ကြက်သွန်နီ၊ခရမ်းချဉ်သီးပါးပါးလှီးထည့်ကာကြက်သွန်ဖြူထောင်း၊ချင်း ဓားပြားရိုက်၊နနွင်းအနည်းငယ်၊စိမ်းစားငါးပိတွေထည့်ပြီးပြုတ်ထားပါ။

4. ပဲထွန်တွေပြုတ်တာသုံးပုံနှစ်ပုံခန့်ကျက်ပြီဆိုရင်တော့မျှစ်ချဉ်ပြုတ်ထားတဲ့အိုးထဲသို့လောင်းထည့်ပါ။

5. ဆားဟင်းခတ်မှုန့်တို့နှင့်အရသာဖြည့်စွက်ပြီးရင်တော့အဖုံးပိတ်ကာမီးရှိန်အေးအေးမှာကျသွားသည်အထိ ချက်ပါ။

6. ပဲထွန်ပြုတ်ကစိမ့်ထွက်လာတဲ့ပဲအရသာတွေဟာမျှဉ်ချဉ်ရဲ့ချဉ်တဲ့အရာသာနှင့်ပေါင်းစပ်တဲ့အခါထူးခြားတဲ့ အရသာ ကအံ့မခန်းပါပဲ။

မှတ်ချက်။ ။ ဒီချက်နည်းထဲမှာရေးသားဖော်ပြထားသောမြန်မာစကားတစ်ခွန်းဖြစ်တဲ့"ကျသွားသည်အထိ"ဆိုတဲ့ အရပ်စကား ကို အချို့ကနားမလည်ကြလို့ပြန်မေးကြပါတယ်။ဥပမာဆိုရသော် ကျွန်တော်တို့လက်ဖက်ရည် သောက်တဲ့အခါအကြာကြီးနှပ်ထားတဲ့လက်ဖက်ခြောက်ဖန်ရည် ကိုအကျရည်လို့ ခေါ်သလိုမျိုးပါပဲ အချိန်အကြာကြီးနှပ်ချက်ခြင်းကိုလဲဟင်းရည်ကျအောင်ချက်တယ်လို့ခိုင်းနှိုင်းသုံးစွဲကြခြင်းဖြစ်ပါတယ်။


No comments:

Post a Comment

@templatesyard