နွားနို့ခဲအညာချက်


နို့ခဲကို ပုံစံအမျိုးမျိုး ကြော်စား၊ ချက်စားလေ့ရှိကြတဲ့အထဲက အညာချက် ပုံစံလေး မျှဝေပေးလိုက်ပါတယ်။ အညာရောက်ရင် မဖြစ်မနေ အိမ်က ချက်ကျွေးတဲ့ အညာချက် နွားနို့ခဲ ဟင်းလေးကတော့ မပါမဖြစ်ဟင်း တစ်ခွက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ခဲ - ၄၀ဝ ဂရမ် (၂၅ ကျပ်သား)
  • ကြက်သွန်နီ - ၃ လုံး
  • ခရမ်းချဉ်သီး (ကိုင်းသီး) - ၅ လုံး
  • ပဲတောင့်ရှည် - ၁ စည်း
  • ငရုတ်ပွ - ၂ လုံး
  • ကြက်သွန်ဖြူ - ၅ မြွှာ
  • အရောင်တင်(ငရုတ်သီးမှုန့်) - စားပွဲဇွန်း ၁ ဇွန်း
  • နနွင်း - အနည်းငယ်
  • ဆား - ဇွန်းတစ်ဝက်
  • ဟင်းခတ်မှုန့် - ၁ ဇွန်း
  • ဆီ - လိုသလောက်
  • နံနံပင် - လက်တစ်ဆုပ်

ပြင်ဆင်ချက်ပြုတ်နည်း

၁။ နို့ခဲကို နှစ်သက်ရာအရွယ် အတုံးလေးများ လှီးဖြတ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ပါးပါးစိတ်ထားပါ။ ကြက်သွန်ဖြူထောင်းထားပါ။ ပဲတောင့်ရှည်ကို ၁ လက်မအရှည် လှီးဖြတ်ပြီး ရေဆေးထားပါ။
၂။ အားလုံးအသင့်ဖြစ်ပါက အိုးထဲဆီထည့်ပြီး ကြက်သွန်ပါးပါးစိတ်ထားသည်ကို ကြွပ်အောင်ကြော်ကာ ဆယ်ယူ၍ ဆီစစ်ထားပါ။
၃။ အိုးထဲမှ လက်ကျန်ဆီဖြင့် ခရမ်းချဉ်သီး ပါးပါးစိတ်နှင့် ကြက်သွန်ဖြူထောင်းထား သည်ကို ထည့်ကြော်ပါ။ အရောင်တင်၊ နနွင်းထည့်ပြီး ကြေအောင် ချက်ပေးပါ။
၄။ ဆယ်ယူ၍ ဆီစစ်ထားသော ကြက်သွန်ကို ကြေအောင်ခြေပြီး ခရမ်းချဉ်သီးအိုးထဲ ရောထည့်ကာ ချက်ပါ။
၅။ ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ အနှစ်ကျပါက ပဲတောင့်ရှည်ထည့်ပါ။ လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပါ။
၆။ ပဲတောင့်ရှည်ကျက်ပါက အသင့်လှီးထားသော နွားနို့ခဲထည့်ပြီး သမအောင် မွှေပေးပြီး အရသာဝင်အောင် တည်ပေးပါ။
၇။ ရေခန်းပြီး ဆီပြန်လာပါက ငရုတ်ပွထည့်ပါ။ အရသာအပေါ့အငန်မြည်းပြီး နံနံပင်အုပ်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard