ငါးဆားနယ်(ငဆနယ်)ချက်တဲ့။စားရတာရိုးလှပြီလေ။ ငါးချည်းဆားနယ်လို့ ရတာလား၊ အသားလေးလဲဆား နယ်ရင်ရတာပဲလို့တွေးပြီး ဝက်သားကိုဆားနယ်ပါတယ်။ ဝက်သားဆားနယ်တယ်ဆိုတာ ငါးထပ်သားကောင်း ကောင်းလေး(၅၀)သားခန့် တစ်မြှောင်းကိုရေဆေးသန့်စင်ပြီးသွေ့ခြောက်အောင် နေပြပြီး ဆားများများသိပ် ၊ပလပ်စတစ် ၅ ထပ်လောက်ထုပ်ပြီး လေးတဲ့အရာတစ်ခု နဲ့ (၅)ရက်လောက်ဖိထားရင် ဝက်ဆားနယ်ရပြီပေါ့။ငရုတ်သီးစိမ်း၊ခရမ်းချဉ်သီး၊ ပင်စိမ်းလေးနဲ့ အညာချက်လေးချက်ကြည့်ရအောင်။
ပါဝင်ပစ္စည်း
- ဝက်ဆားနယ်..........၂၅ ကျပ်သား
- ကြက်သွန်နီဥကြီး......၁လုံး
- ကြက်သွန်ဖြူ............. ၇မွှာခန့်
- ခရမ်းချဉ်သီးမှည့်မှည့်....၄လုံး
- ငရုတ်သီးစိမ်း...............၁၀တောင့်ခန့်
- ပင်စိမ်း........................၅ခက်
ချက်ပြုတ်နည်း
- ပထမဆုံးဆားနယ်ထားတဲ့ ဝက်သားကို မထူမပါးလေးလှီးပြီးရေနွေးစိမ်၊ ရေစစ်ထားပါ။
- ကြက်သွန်နီ ၊ ဖြူ ၊ ခွဲကြမ်းမှုန့် ၊အရောင်တင်မှုန့်(ငရုတ်စိမ်းမှုန့်)၊ နနွင်းတို့ကိုရောပြီးညှက်နေအောင်ထောင်းပါ။
- ခရမ်းချဉ်သီးကိုပါးပါးလှီးပြီး ငရုတ်သီးစိမ်းတွေကို ခပ်ကြမ်းကြမ်းလှီးပါ။ ပင်စိမ်းတွေကိုအရွက်ခြွေထားပါ။
- ဒယ်အိုးအောက်ခြေမှ ထောင်းထားသောကြက်သွန်အရောကိုထည့်ပြီး ခရမ်းချဉ်သီးတွေအုပ်ပေးပါ။
- ဒယ်အိုးပတ်ပတ်လည်ကိုဆီလောင်းထည့်ပြီးငရုတ်ဆုံဆေးရည်လေးကိုလောင်းထည့်ပါ။
- မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီး ရေခမ်းဆီပြန်ကာအနှစ်ကျသည်အထိချက်ပါ။
- ရေခမ်းဆီပြန်လာလျှင် ပါးပါးလှီးထားတဲ့ဝက်သားဆားနယ်ကိုထည့်ပါ။
- ရေလေးအနည်းငယ်ဖြည့်စွက်ပြီး အဖုံးအုပ်ပြီးဆီပြန်လာအောင်ချက်ပါ။
- နောက်တစ်ကြိမ်ရေခမ်းဆီပြန်ပါစေ။ဆီပြန်လာပြီဆိုမှ ငရုတ်သီးစိမ်းတွေထည့်ပါ။
- ဆီဖျင်းဖျင်းဆူနေတဲ့အချိန်ငရုတ်သီးစိမ်းထည့်ပါမှငရုတ်သီးနံ့မွှေးပါတယ်။
- နောက်တစ်ကြိမ်ရေခမ်း ဆီပြန်မှ ပင်စိမ်းလေးအုပ်ပြီး ဖိုပေါ်မှ ချပါ။
- ဗမာဟင်းချက်နည်းတွေက စိတ်ရှည်ရပါတယ်။ရေခမ်း၊ ဆီပြန် ဆိုတာကို(၃)ကြိမ်လောက်အထိ စိတ်ရှည်စွာ ချက်ပါမှ ဗမာဟင်းကောင်းကောင်းတစ်ခွက်ရပါတယ်။
No comments:
Post a Comment