ဒီဟင်းကသာမန်ချက်နည်းတွေထဲကနေအသာလေးသွေဖီခွဲထွက်ပြီးချက်ထားတဲ့ဟင်းပါ။ မြန်မာအစားအစားနဲ့ တိုင်းရင်းသားရိုးရာတွေကို ရောယှက်ဖန်တီးရတာ နှစ်သက်သူတွေအတွက်ပါ။ ဝက်သားကို ငါးပိနဲ့ ချက်တာက သာမန်ဆိုပေမယ့် ခရမ်းကစော်ခါးသီးလဲတွဲဖက်အဖြစ်ထည့်ထားပြီး ငရုတ်သီးစိမ်းနှိုင်းချင်းအုပ်ထားပါတယ်။ အသားမှာ အကြောလေးတွေပါရင်ပိုကောင်းပါတယ်။ နိူ့အုံသားလိုမျိုးဆိုအကောင်းဆုံးပေါ့။
ပါဝင်ပစ္စည်းများ
- ဝက်သား............၂၀ကျပ်သား
- ငါးပိ....................ကွမ်းသီးလုံးခန့်
- ခရမ်းကစော့သီး...၂၀လုံးခန့်
- ကြက်သွန်နီ ..........၂လုံး
- ခရမ်းချဉ်သီး..........၃လုံး
- ကြက်သွန်ဖြူ.........၅တက်
- ငရုတ်သီးစိမ်း.........၁၀တောင့်ခန့်
ချက်ပြုတ်နည်း
- ပထမဦးဆုံး ဝက်သားကို ခပ်ပါးပါးလှီးပြီးငါးငံပြာရည်၊ အရသာမှုန့်၊ဟင်းချက်ဝိုင်အရက်ဖြင့် အရသာနယ် ထားပါ။
- ငါးပိကိုရေနွေးစိမ်ထားပါ။(မြိတ်ငါးပိအကောင်းစားသုံးထားပါတယ်)
- ကြက်သွန်နီ၊ ဖြူ ၊ ငရုတ်သီးကြမ်းဖတ်ကို နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ နှင့်ညှက်စေးနေအောင် ထောင်းပါ။
- ခရမ်းချဉ်သီးကိုနုပ်နုပ်စဉ်းထားပါ။
- ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်+ငရုတ်သီး အရောကိုဆီသပ်ပါ။
- မွှေးလာလျှင်ခရမ်းချဉ်သီးတွေထည့်ပြီးလှိမ့်နေအောင်ဆီသပ်ပါ။
- ခရမ်းချဉ်သီးအိကြေလာပြီဆိုမှ ရေနွေးစိမ်ထားသော ငါးပိကိုထည့်ကာ အဖုံးအုပ်ထားပါ။
- ငါးပိအပေါ်မူတည်ပြီးဆားချိန်ဆထည့်ပါ။
- အရသာမှုန့်အနည်းငယ်ဖြည့်စွက်ပါ။
- ရေခမ်းဆီပြန်လာပြီဆိုမှ အရသာနယ်ထားတဲ့ဝက်သားကိုထည့်ပါ။ခရမ်းကစော့သီးနှင့်ပါးပါးလှီး ထားတဲ့ ငရုတ်သီးစိမ်းတွေထည့်ကာ အဖုံးအုပ်ထားပါ။
- ရေခမ်းဆီပြန်လာပြီဆို ဖိုပေါ်မှချပါ။
မှတ်ချက်။
ဒီချက်နည်းမှာ အနှစ်ကျဆီပြန်မှငါးပိထည့်ပါတယ်။
ငါးပိစိမ်းနံ့ပျောက်မှဝက်သားထည့်ပါတယ်။
ဝက်သားထည့်ပြီးအချိန်အကြာကြီးချက်ပြုတ်ပါက အသားတွေရင့်မာသွားတတ်ပါတယ်။
No comments:
Post a Comment