အရသာဆိမ့်ဆိမ့်ချဉ်ချဉ်လေးနဲ့ စားကောင်းပြီးထူးခြားတဲ့ ဟင်းလေးတစ်မယ်ဖြစ်ပါတယ်။သရက်သီးဆား ရည်စိမ် အလုံးကြီးခပ်ပျော့ပျော့ကိုသုံးရင် ချဉ်ချဉ်လေးဖြစ်ပြီး သရက်သီးကင်းလေးကတော့ အဖန်အရသာ လေးပေးပါတယ်။ ၀က်နံရိုးရဲ့ အီတဲ့အရသာကိုလည်း ချေဖျက်ပေးပါတယ်။ ချက်နည်းရှင်းရှင်းလေးကို ချက်ကြည့်ရအောင်။ ဒီအရသာ ကောင်းတဲ့ ဟင်းလေးအတွက်ကတော့ အချိန်လေးနည်းနည်းပိုပေးလိုက်ပါ။
ပါ၀င်ပစ္စည်းများ
- ၀က်နံရိုး - ၂၀ သား
- သရက်သီးဆားစိမ်အလုံးကြီးပျော့ပျော့ - ၁ လုံး (အစေ့ဖယ်ထားပါ)
- သရက်သီးအကင်းဆားစိမ် - ၂ လုံး (အကွင်းလိုက်ပါးပါးလှီးထားပါ)
- ကြက်သွန်နီ - ၂ ဥ
- ကြက်သွန်ဖြူ - ၃ တက်
- ချင်း - အနည်းငယ်
- ဆား - အရသာအတွက်စိတ်ကြိုက်ပမာဏ
- သကြား - ဆားပမာဏ ၃ ချိုး ၁ ချိုး
- ရောင်တင်မှုန့် - အနည်းငယ်
ချက်ပြုတ်ပုံ
- ၀က်နံရိုးများကို ဆား၊ သကြား၊ အရောင်တင်မှုန့်တို့နှင့်ရောပြီး သရက်သီးဆားရည်စိမ် အလုံးကြီးကိုခြေထည့်။ ကြက်သွန်ဖြူနီချင်းတို့ကို ညက်နေအောင် ထောင်းပြီး ရောနယ်နှပ်ထားပါ။
- ဆီလုံး၀မသုံးဘဲ ဟင်းအိုးကို ရေအနည်းငယ် မီးပျော့ပျော့ဖြင့် အဖုံးအုပ်ပြီး လုံး ထားပါ။
- ဟင်းအိုးရေခန်းပြီး အနံ့မွှေးလာလျှင် နောက်ထပ်တစ်ရေထည့်ပြီး ဆက်တည် ထားပါ။
- ဟင်းရည်တစ်၀က်ကျချိန်တွင် လှီးထားသောသရက်သီးများထည့်ပေးပြီး ဆီပြန် ရေကျန် အနှစ်ကျ အနေအထားမျိုးမှာ ဟင်းချက်ခြင်းကို အဆုံးသတ်ပေးပါ။
မှတ်ချက် - သရက်သီးအလုံးကြီးမှာ အပြင်ခွံကိုဖယ်နိုင်ရင် အဖန်ဓာတ်သက်သာစေ ပါတယ်။
အရိုးဟင်းများကတော့ ထုံးစံအတိုင်း မီးငွေ့ငွေ့နဲ့ အချိန်ပေး ချက်နိုင်ရင် ပိုအရသာရှိပါတယ်။
No comments:
Post a Comment