ဝက်သားနီချက်လေးဟာ
စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပြီးမချက်ရင် ဝက်သားနီချက် မဖြစ်ပဲ
မိနစ်ပိုင်းအတွင်း ဝက်သားမဲချက်ဖြစ်သွားတတ်တဲ့ ဟင်းလေးပါ။ သကြား၊
ဆီတို့ဖြင့် ကြော်ပြီး အပြင်သား တင်းလာမှ အတွင်းသား အိအောင် ရေနွေးထည့်ပြီး
တည်ရပါတယ်။ ပြီးမှ အနှစ် အနည်းငယ်ရအောင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ထည့်ကြော်ပေးပါတယ်။ ( ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ပြီးမှ ရေထည့်ကာ
အသားနူးအောင် တည်လျှင် ဝက်အချိုချက်၊ ဝက်ဆီပြန်တို့၏ အရသာကဲ့သို့
ဖြစ်သွားတတ်ပါသည်။)
ပါဝင်ပစ္စည်းများ
- ဝက်သုံးထပ်သား – ၁ ကီလို ခန့်
- ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ဆီ – 210 ml
- သကြား – ထမင်းစားဇွန်း ၃ ဇွန်း
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရေနွေး – 1 1/2 cup (375 ml)
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၇ တက်
- ၈ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၄ လုံး
- ရေဆေးပြီး တတ်နိူင်သမျှ ရေခြောက်အောင်လုပ်ထားသော ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး ၁၅ မိနစ်ခန့် နပ်ထားပါ။
- ဆီ နှင့် သကြားကို မကပ်နိူင်သော အိုးထဲထည့်ကာ medium high heat ဖြင့် အပူပေးထားပါ။ (သကြားများ အကျက်ညီစေရန် အိုးထဲဖြန့်ပြီးထည့်ပေးထားပါ။)
- သကြားများ အနီရောင် အတော်လေးပြောင်းလာသည်နှင့် medium heat သို့လျှော့ပါ။
- ပြီးလျှင် ချက်ချင်း အသားများထည့်ချကာ သကြားမတူးအောင် ခပ်သွက်သွက် ၃၊၄ ချက်မွှေကြော်ပေးပြီး အသားများအားလုံး တတ်နိူင်သမျှ အိုးအောက်ခြေဖြင့် ထိနေအောင် ဖြန့်ပေးထားပါ။
- အားလုံးဖြန့်ပြီးလျှင် အသားများ နီလာစေရန် မမွှေပဲ ၃ မိနစ်ခန့်ထားပါ။
- ၃ မိနစ်ခန့်ထားပြီးလျှင် အသားများနီလာပြီဖြစ်၍ နောက်တစ်ဖက်လှန်ပေးပါ။
- အသားနောက်တစ်ဖက်ကိုလည်း နီလာအောင် ၃ မိနစ်ခန့် ထပ်ထားပေးပါ၊
- ပြီးလျှင် အရောင်တင်မှုန့်ထည့်၍ ၃၊ ၄ ချက်မွှေကာ အသားထဲမှ အရည်များခမ်းပြီး ဆီပြန်လာသည်အထိ တည်ထားပါ။ (သကြားနှင့် အရောင်တင်မှုန့်က တူးလွယ်၍ မျက်ခြေမပြတ် ကြည့်ပေး၊ မွှေပေးဖို့လိုပါတယ်။)
- အဆီအသားများ အပြင်သားတင်းပြီး၊ ဆီပြန်လာလျှင် ရေနွေးထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် မိနှစ် ၂၀ ခန့် ( ရေခမ်းပြီး ဆီပြန်လာအောင်) တည်ထားပါ။ အရည်ခမ်းခါနီးလျှင် မတူး၊ မမဲသွားအောင် မကြာခဏမွှေပေးဖို့လိုပါတယ်။
- ကြက်သွန်ဖြူ နှင့် ကြက်သွန်နီထည့်ကာ အိုးအဖုံးဖွင့်ပြီး ၁၅ မိနစ်ခန့် ( ကြက်သွန်များ အတော်လေးခြောက်သွားအောင်) medium high heat ဖြင့် မွှေကြော်ပေးပြီးလျှင် ဝက်သားနီချက်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment