ထမင်းအစုံသုပ်ချဥ်ငံစပ်


မိုးအေးအေးမှာ ထမင်းသုပ်ချဥ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ ထမင်းသုပ်တာက မခက်ပါဘူး။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။ 

ပါဝင်ပစ္စည်းများမှာ

  • အာလူး
  • ပဲသီး
  • ပဲပင်ပေါက်
  • ဆီနီ၊ ဆီဝါ
  • ကြက်သွန်နီဆီချက်
  • ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
  • ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
  • ပဲမှုန့်
  • ပုစွန်ခြောက်မှုန့်
  • နံနံပင်
  • မန်ကျည်းမှည့်ချဥ်
  • ကြက်သားမှုန့်
  • ပုစွန်ငံပြာရည်
  • ငရုတ်သီးအကျက်မှုန့်

အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။ 

ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။

မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။ 

ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။ 

အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့ပါ။


No comments:

Post a Comment

@templatesyard