ကြက်အူဆီပြန်ဟင်း

 

ကြက်အူကို မညှီပဲ     အနံ့‌လေး   မွှေးနေအောင် ချက်ကြည့် ကြရအောင်..

ချက်နည်း

  • ကြက်အူဆီပြန်လေးကို မဆလာနံ့လေး တသင်းသင်းနဲ့ မွှေးနေအောင် ချက်ထားပါတယ်။ 
  • စားနေချိန်မှာရော စားပြီးသွားရင်ရော လက်မှာ မဆလာအနံ့လေး သင်းပြီး ဆွဲနေအောင် ကောင်းလှပါတယ်..
  • ကြက်အူကို မညှီအောင် ဆေးရတာကတော့ လက်ဝင်ပါတယ်။ အချိန်လဲကြာတယ်။
  • ကြက်အူကို ဆေးမယ်ဆိုလျှင် ပထမဆုံး ဆားကြမ်း၊ ဆနွင်းနဲ့ခပ်ကြမ်းကြမ်းလေး နယ်ဆေးပြီး ရေများများနဲ့ ဆေးချပါ။
  • နောက်တထပ်ဆို ပဲမှုန့်အစိမ်းထည့်ပြီး လက်နဲ့ အားရပါးရနယ်ပြီး ဆေးပါ။
  • အညှိအရွဲတွေဟာ ပဲမှုန့်စိမ်းနဲ့အတူ ပါသွားပါလိမ့်မယ်။ ရေအေးနဲ့ပြန်ဆေးချပါ။ 
  • လေးငါးထပ်ပေါ့ ။
  • နောက်ဆုံးမှ ရေနွေးနွေးလေးထည့်၊ ရှာလကာရည် နှစ်ဇွန်းလောက် ထည့်ပြီး မြန်မြန်ဆေးချပါ။
  • စိမ်ပြီးဆေးလျှင် အချဉ်ဓာတ်တွေ စိမ့်ဝင်သွားမှာ ဆိုးလို့ပါ။
  • ပြီးရင်ရေနဲ့ အထပ်ထပ်ပြန်ဆေးရင် မညှီတော့ပါဘူး။ အားလုံး သန့်စင်သွားရင် ဆေးတဲ့ရေလေး ကြည်သွားတာ တွေ့ရပါမယ်။
  • အဲ့ဒီတော့မှ ထုံးပြီးချက်ချင်တယ်ဆိုရင်လည်း အူတွေကို အနေတော်အရှည်လေးတွေ ဖြတ်ပြီးထုံးပါ။
  • မထုံးချင်လည်း ကပ်ကြေးနဲ့ အနေတော်အပိုင်းလေးတွေ ဖြတ်ပါ။
  • ပြီးရင် ကြက်သားမှုန့်၊ ဆနွင်း၊ မဆလာ ထည့်နယ်ထားပါ။ ဆားမထည့်ပါဘူး။

  • ကြက်သွန်နီဖြူ ၊ ချင်းကို ထောင်းထားပါ။
  • ငရုတ်သီးအပုတောင့်ကို ရေနွေးနဲ့ စိမ်ပါ။ ပွလာရင် အစေ့ထုတ် ညက်အောင် ထောင်းထားပါ။
  • စပါးလင်တပင်ကို အရိုးထုပြီး သေချာစည်းထားပါ။
  • ချက်လို့ရပါပြီ။ ဆီအိုးပူရင် ကြက်သွန်နီဖြူ၊ ချင်းထောင်းတာထည့်၊ ဆီသတ်ပြီး ကရဝေးရွက်ပါ တခါတည်း ထည့်ပါ။
  • အနံ့မွှေးရင် ဆနွင်း၊ ငရုတ်သီးထောင်းတာ ထည့်ပါ။
  • အရောင်လည်းလှ အနံ့လေး မွှေးနေပြီဆိုမှ ကြက်အူတွေကိုထည့်ပြီးမွှေပေးပါ။ ရေမထည့်ပါနဲ့။
  • ကြက်အူက သူ့ရေနဲ့သူ ထွက်လာတာ အများကြီးမို့လို့ ပါ။
  • စပါးလင် ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ အိုးထဲ ဆီပြန်တဲ့ အသံကြားမှ အဖုံးဖွင့်ပါ။
  • အနံ့လေး အတော်မွှေးနေပြီဆိုရင် ရေထပ်ထည့်ပြီး အူမနူးမချင်း တည်ပေးပါ။
  • အရသာအတွက် ဆားငံပြာရည်ကို ထည့်ပါ။
  • ဆီလည်းပြန် အူလည်းနူးပြီဆိုရင် စားရန်အသင့်ဖြစ်ပါပြီ။
  • အရမ်းမွှေးပြီး ခပ်စပ်စပ်လေးပေါ့။ညှီနံ့လည်းမရှိတော့ပါဘူး။
  • ထမင်းနဲ့စားရင် အရမ်းထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ 


No comments:

Post a Comment

@templatesyard