ဆူကီယာကီ (Japan Hot Pot)

ဆူကီယာကီ (Japan Hot Pot)


ဂျပန်စတိုင် Sukiyaki ဟော့ပေါ့ပါ။ အမဲသား စတူးချက်ပြီ၊ ဟင်းရွက်၊ ပဲပြား၊ ဂျပန်ခေါက်ဆွဲ စုံစုံလင်လင်ဖြင့် မိသားစု (သို့) သူငယ်ချင်းတို့နဲ့ အတူတူ ဟော့ပေါ့ လုပ်စားနိုင်အောင်ပါ။ ဟော့ပေါ့အရည်က အရသာ ချိုစိမ့်တဲ့ အရသာရရှိမှာပါ..

ပါဝင်ပစ္စည်းများ

  •         အမဲသား – ၂၅ကျပ်သား (အရှည်ပါးပါးလှီးပါ)
  •         Sukiyaki ခေါက်ဆွဲ – ၂၅၀ ဂရမ်
  •         မှိုခြောက်ပွင့် – ၁၀ခု (ရေနွေးဖြင့်ပြုတ်ပြီ အညှာဖယ်ပေးပါ)
  •         enoki မှို (သို့) Shimeji မှို – ၂ထုပ်
  •         ဂျပန်တို့ဟူး – ၃၀၀ ဂရမ် (အတုံးသေးများ တုံးထားပါ)
  •         တရုတ် နံနံ – ၁ခွက်စာ (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  •         ကြက်သွန်မြိတ် – ၂စည်း (အစောင်းပါးပါးလှီးပါ)
  •         ကြက်ဥ – ၃လုံး (ခလောက်ထားပါ)

ဆော့ရည်တွင်ပါဝင်ပစ္စည်းများ

  •         ဆာကေး(ဆန်ဝိုင်) – ၁ခွက်
  •         mirin(ဆန်ဝိုင်ချို) – ၁ခွက်
  •         ပဲငံပြာရည်(အကြည်) – ၁ခွက်
  •         သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
  •         ရေ – ၂၀၀ မီလီလီတာ

ပြင်ဆင်နည်း

  1.  ဆော့ရည် ပါဝင်ပစ္စည်းများဖြစ်သော (ဆာကေး၊ mirin၊ ပဲငံပြာရည်၊ သကြား၊ ရေ) တို့ကို ဒယ်ထဲ ထည့်ပြီ သကြားအရည်ပျော်သည်အထိ ၁မိနစ်ခန့် တည်ပြီ ပြန်ဖယ်ထားပါ။
  2. ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ တို့ဟူးများကို အညှိရောင် သန်းသည်အထိ ကြော်ပေးပါ။
  3. ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီ ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ခေါက်ဆွဲ ၁မိနစ်ခန့် ထည့်ပြုပေးပြီ ဇကာဖြင့် ပြန်ဆယ်ပေးပါ။

ဟော့ပေါ့ ပြုလုပ်နည်း

  1. Electric potအိုးထဲသို့ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပေးပြီ ဆီပူလာလျှင် အမဲသား ၁မိနစ်ခန့် ထည့်ကြော်ပေးပါ။
  2. ဆော့ရည် တဝက် လောင်းထည့်ပေးပြီ ဆူသည်အထိ တည်ထားပါ။
  3. ဆူလာလျှင် ကြက်ဥမှ လွှဲ၍ (တို့ဟူး၊ ခေါက်ဆွဲ၊ မှို၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ) တို့ကို ထည့်ပေးပါ။
  4. အဖုံးအုပ်ပြီ မီးအသင့်တင့်ဖြင့် တည်ထားပါ။ ဟင်းရွက်များ၊ တို့ဟူးများ ထပ်ထည့်လျှင် ဆော့ရည် ထည့်ပေးပါ။
ဟင်းရွက်များ နွမ်းသွားလျှင် ကြက်ဥခွက်ထဲ အသား၊ ဟင်းရွက်များကို နှစ်ပြီ Sukiyaki ဂျပန် ဟော့ပေါ့ကို စိတ်ကြိုက် သုံးဆောင်လို့ရပါပြီ…



 

No comments:

Post a Comment

@templatesyard